မှန်ရိပ်ကလေး (လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ)
သြော်…… ပြန်ပြီး မစဉ်းစားရပါဘဲလျက် သတိရပြီး လွမ်းနေမိတတ်သော ကဗျာကလေးတစ်စ၏ အကြောင်းကို ပြန်ပြီးစဉ်းစားမိလိုက်တော့ -စိန်ကြီးခေါ် ဒေါင်းကောင်ကလေးရယ်က
တရှိန်ကြီးနော် ကျောင်းတောင်ပြေးချေပေါ့
ချောင်းမြောင်းနဘေးရယ်တဲ့ ချုံတန်းဆီ။
ကလေးများမှာ
ပြေးသွားကာ ချာချာလည်လို့
ကြာကြာရှည် ကဘယံအကွေ့မှာလ
ရှာပါသည် တစ်ဖန်မတွေ့လေတော့
(ဒေါ်ရီရေ) အောက်မေ့ပြန်သည်။
သြော် မရှိတော့လဲ ပူပင်တောင့်တ
ရှိပြန်တော့လည်း ကြောင့်ကြမကင်း
စောင့်ရခြင်းဖြင့် နေ့ခင်းချိန်ခါ
- – - – - – - – - – - – - – -
မြေစာတွေ ဖုံးပါလို့ ဆုံးရှာတယ်တဲ့မှ ဆုံးရှာတယ်။
“သိပ်လည်း မမှတ်မိတော့ပါဘူးကွယ်။ ငယ်ငယ်တုန်းကတော့ အကုန်လုံး အရခဲ့သား။ ခုတော့လည်းပျောက်ကုန်ပြီ။ အဲဒါတောင် မင်းပူဆာလွန်းလို့ ငါ့မှာအထပ်ထပ် ပြန်ပြီးစဉ်းစားထားရတာ၊ ခေါင်းများတောင် ကိုက်ပါရဲ့”
အဒေါ်ကြီးတစ်ယောက်က ကျွန်တော့်ကို ဤကဗျာကလေး အကြောင်းပြန်ပြောခဲ့ပါသည်။ ကျွန်တော်က ကဗျာတို ကဗျာစ၊ စာတိုစာစ ကလေးများကို ချစ်မြတ်နိုးစွာ တယုတယ ကျက်မှတ်တတ်ပါသည်။ ထိုအဒေါ်ကြီးများ၏ သမီများနှင့် ကျွန်တော်က သူငယ်ချင်းတွေပါ။ စကားစပ်မိတော့ သူတို့က ကျွန်တော့်ကို သည်ကဗျာလေးအကြောင်းပြောပြီး ‘ နင် မေမေ့ကို မေးကြည့်ပါလား၊ တို့ကို မေမေက ပြောပြဖူးတာ’ ဟု ဆိုသောကြောင့် ကျွန်တော်က အဒေါ်ကြီးကို မေးကြည့်ရခြင်း ဖြစ်ပါသည်။
“ကွယ် ငါတို့ကလည်း သည်တုန်းက အငယ်သား ရှိသေးတာကလား၊ ရေးတာက ကျောင်းထိုင်ဦးပဉ္ဇင်း ကလေးပေါ့။ ကျောင်းထိုင်ဆိုသော်လည်း သိပ်တော့မကြီးလှသေးဘူးကွဲ့၊ သုံးဆယ့်ငါး လေးဆယ်လောက်ရှိထင်ပါရဲ့။ ဒေါင်းဖို ဒေါင်းမလေးနှစ်ကောင် ကျောင်းကိုလာပြီး လှူလို့မွေးထားရတာ။ ဒေါင်းကလေးတွေကလည်း အလွန်ယဉ်တယ်လို့ ပြောတယ်။ တစ်နေ့တော့ လေပြင်းတွေတိုက်ပြီး မိုးရွာတယ်။ မိုးတွေလေတွေ စဲလို့ကြည့်လိုက်တော့ စိန်ကြီးဆိုတဲ့ ဒေါင်းဖိုလေးကို မတွေ့တော့ဘူး၊ ဒါနဲ့ တစ်ကျောင်းလုံးအနှံ့ ရှာကြတာပေါ့။ ကျောင်းတောင်ဘက် ချုံတန်းတွေဆီကို ပြေးသွားတာ တွေ့လိုက်တယ်ဆိုလို့ ကျောင်းသားလေးတွေဟာ ချောင်းထဲရော ချုံတန်းတွေထဲမှာရော ရှာကြတယ်။ နောက်ဆုံး ချောင်းကမ်းပါးတစ်ခု ပြိုကျတဲ့နေရာမှာ ခြေရာတွေ့လို့ မြေစာတွေ လှန်ကြည့်ကြတော့မှ စိန်ကြီးကို တွေ့ရသတဲ့။
“ဒေါင်းမလေးဟာလည်း အစာကျွေးလို့လည်းမစား၊ တတွတ်တွတ် တတောက်တောက် မြည်ပြီး ဟိုရှာသည်ရှာ ဖြစ်နေပြန်တော့ ဦးပဉ္ဇင်းကလည်း စိတ်မကောင်းနိုင်ဘူးပေါ့”
တွတ်တွတ်မြည် အသံမဆိတ်လေတော့
မှန်အရိပ်မှာတဲ့ ရွှေ့ကာချည်
တွေ့ရှာပြီရယ်လို့ ထင်လေသလား။
သည်တို့ကို
လည်မော့ကာ တချိုချိုနဲ့
သူ့ကိုကို ထင်မိမှားတာကြောင့်
အစားကို တွင်တွင်ကောက်လေတော့………
စာဖတ်သူ သိလောက်ပါပြီ။ ဦးပဉ္ဇင်းခမျာမှာလည်း ကြံရာမရသည်နှင့် မှန်ကြီးတစ်ချပ်အနီးတွင် ဒေါင်းမလေးကို ချည်ထားလိုက်ပါလိမ့်မည်။ ဒေါင်းမလေးကလည်း မှန်ထဲတွင် သူ့အရိပ်ကို မြင်လိုက်မိတော့ ဒေါင်းဖိုဟုပဲ ထင်မိရှာပါလိမ့်မည်။ ထိုအခါတွင်မှ ၀မ်းမြောက်ရွှင်မြူးစွာ အစာကို စားပါလိမ့်မည်။
သို့သော် ကဗျာဆရာ ဦးပဉ္ဇင်း၏ ရင်ထဲမှာတော့ မည်သို့ရှိမည်နည်း။ သနားကြင်နာလို့ မဆုံးနိုင်အောင် ရှိတော့မည်ပေါ့။ ထို့ကြောင့် ဒေါင်းမောင်နှံ အလှူရှင် ဒေါ်ရီထံသို့ ကဗျာဖြင့် ဝေဒနာကို အမျှဝေပြီး အကြောင်းကြားလိုက်ခြင်း ဖြစ်ပါလိမ့်မည်။
ဒေါ်ရီကလည်း ကဗျာလေးကိုဖတ်ပြီး မျက်ရည်တစမ်းစမ်း ဖြစ်ရှာပေလိမ့်မည်။ ကဗျာကလည်း လေးချိုးရိုးရိုးမျှသာမဟုတ်ဘဲ ထိုအခါတစ်ဝိုက်ဆီက ခေတ်စားခဲ့သော သိင်္ဂါသံ ခပ်ဆန်ဆန် ငိုချင်းရှည်လေးကို ညှပ်ထားသည်မဟုတ်လား။
“ဦးပဉ္ဇင်းက ဘုန်းကြီးဇာတာကို ပါတာကွဲ့။ ( သူခပ်ငယ်ငယ် ကိုရင်ကြီးသာသာ ပဉ္ဇင်းမတက်ခင် လေးမှာ ငါတို့ရဲ့ အဒေါ်လေးတစ်ယောက်နဲ့ အရိပ်အငွေ့ မေတ္တာရှိကြသေးသတဲ့။ ဒါပေမဲ့ မိဘတွေက ရဟန်းဖြစ်စေချင်တာတွေ ဘာတွေကလည်းရှိတော့ တယ်ပြီး အဆင်မပြေကြဘူးနဲ့တူပါရဲ့။) ဗေဒင်များ မေးကြည့်လိုက်ပလားဆိုရင်လည်း ဘုန်းကြီးဖြစ်မယ်ချည်း ဟောတာပဲတဲ့။ အဲဒါကိုတောင် ကဗျာလေး ရေးခဲ့သေးတယ်။
“(အရှည်) အရှေထင်စွာ ဆက်ဆံမပြုပါရစေနဲ့
ဗေဒင်ဆရာ တွက်ဟန်ရှုလိုက်တော့
သက်ပြန်ယခုရယ်တဲ့ ရှုမိတယ်။
ကြံကထဲရယ်က
ရန်ပွဲ ခါခါကြုံလို့” တဲ့။
“ရှေ့ဆက်တော့လည်း မရတော့ပါဘူးကွယ်။ သူတို့နဲ့ ပတ်သက်ပြီး ဆွေတွေမျိုးတွေကြားထဲမှာ သဘောကွဲကြ၊ ကတောက်ကဆတ်ဖြစ်ကြတာတွေ ရှိခဲ့တယ်ဆို ထင်ပါရဲ့။ ကဗျာတွေကိုလည်း မေ့ကုန်ပါပြီကွယ်။ ကြာလည်းကြာမင့်ကိုး”
အဒေါ်ကြီး မှတ်သားကြားမိခဲ့သည်မှာ ကြာသကဲ့သို့ ကျွန်တော်ကြားခဲ့ရသည်မှာလည်း နှစ်ပေါင်း သုံးဆယ်ကျော်ခဲ့ပါပြီ။ အဒေါ်ကြီး ကွယ်လွန်ခဲ့သည်ပင်လျှင် နှစ်၂၀ နီးပါးကြာခဲ့ပြီ။
ဦးပဉ္ဇင်းရော၊ ဒေါ်ရီရော၊ ဒေါင်းမလေးရော၊ ပဉ္ဇင်းပျိုလေးနှင့် မေတ္တာရိပ်ငွေ့သန်းခဲ့သော အမျိုးသမီးလေးပါ တစ်ယောက်မျှ ရှိကြတော့မည်မဟုတ်။
ကျွန်တော့မှာသာ ကဗျာတစ်ပိုင်းတစ်စလေးတွေကြောင့် သူတို့တစ်တွေအားလုံးကို မှန်းပြီးလွမ်းနေ ရသည်၊ ချစ်နေရသည်။ ဆွေမျိုးသားခြင်းတော်စပ်သည်ဆိုလျှင်လည်း ထားပါတော့။ မြင်ဖူးတွေ့ဖူး လိုက်သည်ဆိုလျှင်လည်း ထားပါတော့။ ယုတ်ဆွအဆုံး ဘယ်မြေ၊ ဘယ်ရွာ၊ ဘယ်ကျောင်းက ဆိုသည်ကိုပင် မသိရ။ အဒေါ်ကြီးကတော့ ဦးပဉ္ဇင်း ဘွဲ့အမည်ကို ပြောပြပါသေးသည်။ ရွာကလေး၏ အမည်ကိုလည်း ပြောပြပါသေးသည်ဟု ထင်မိသည်။ သို့သော် ကျွန်တော်က သုတေသီစိတ်ထားမျို မရှိခဲ့။ ကျွန်တော်ချစ်သော ကဗျာတစ်ပိုင်းတစ်စကို ရလိုက်သည်နှင့်ပင် စိတ်ကူးနှင့် လွမ်းမိနေတော့သည်။
ကျွန်တော့်စိတ်ကူးထဲတွင် ‘ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရှက်ဟုံကျွေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့် ’ ချစ်ခွင့်မသာ ဖြစ်ခဲ့သော ကဗျာဆရာ ပဉ္ဇင်းပျိုကလေး ကိုလည်း မြင်ယောင်ကြင်နာဖြစ်မိသည်။ မှန်ရိပ်ကို တကယ်ထင်မှားပြီး ၀မ်းမြူးစွာ အစာကောက်နေသည့် ဥဒေါင်းပျိုမလေးကို ကြည့်ရင်း ကာမဘုံသားတို့၏ သနားစရာဘ၀ကို တရားကျမိလျက် ဂရုဏာပွားနေမည့်ဆရာတော်ကိုလည်း မြင်ယောင်ကြည်ညိုမိသည်။ ဆရာတော်၏ ကဗျာလေးကို ဖတ်ရင်း မျက်ရည်တစမ်းစမ်းဖြစ်နေမည့် ဒေါ်ရီကိုလည်း မြင်ယောင်ချစ်ခင်မိသည်။ ‘ကြေးရွှေဂဟေ၊ မစပ်ချေသို့’ နေရစ်ခဲ့ရရှာသော လုံမငယ်ကိုလည်း မြင်ယောင်သနားမိသည်။
ဤကဗျာတစ်ပိုင်းတစ်စကလေးတွေကို ရွတ်လိုက်မိတိုင်း သူတို့လောကလေးထဲသို့ ချက်ချင်းရောက်သွားတတ်လျက် ကျွန်တော့် ဒိဌဓမ္မလောကကို မေ့သွားမိတတ်မြဲဖြစ်သည်။
ကျွန်တော့်စိတ်ကူးထဲက ဦးပဉ္ဇင်းလေးဟာ အပြင်က တကယ့် ဦးပဉ္ဇင်းကလေးနှင့် တူနိုင်ပါမည် လား။ ကျွန်တော့်စိတ်ကူးထဲတွင် မြင်ယောင်နေသည့် ဒေါ်ရီသည် တကယ့် ဒေါ်ရီ၏ ပုံပန်းသွင်ပြင်နှင့် တူပါမည်လား။ ကျွန်တော်၏စိတ်ကူုးနှင့် ဖန်တီးထားသော သူတို့၏ လောကကလေးသည် သူတို့၏ တကယ့်လောကကလေးနှင့် တူနိုင်ပါမည်လား။ ဤသို့ ဤသို့ စူးစမ်းစစ်ဆေးခြင်း မပြုတော့ပါ၊ မပြုလိုတော့ပါ။
ကျွန်တော့်စိတ်ကူးထဲက ဦးပဉ္ဇင်းသည် အဲသည် ဦးပဉ္ဇင်းလေးအစစ်ပါ။ အခြားမည်သူမျှ မဟုတ်ပါ။
ဒေါင်းမလေးက မှန်ထဲကအရိပ်ကို တကယ်ပဲ သူ့ချစ်လင်ဟု ထင်မှတ်ခဲ့သည် မဟုတ်လား။ အဲသည်လိုထင်သွားတော့ သူ့ခမျာ ၀မ်းမြူး ကြည်နူးရှာခဲ့သည်။ သူ့အဖို့တော့ မှန်ထဲက မှန်ရိပ်ကလည် အမှန်စင်စစ် ပါပဲ။
‘မှန်ရိပ်မှာတဲ့ ရွှေ့ကာချည်
တွေ့ရှာပြီရယ်လို့ ထင်လေသလား’
ဒေါင်းမလေးကို သည်အတိုင်းပဲ ထားလိုက်ပါတော့။

No comments:
Post a Comment